English TV Series တွေကြည့်တဲ့အခါ အင်္ဂလိပ်စာတိုးတက်မှုအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ?

English TV Series တွေကြည့်တဲ့အခါ အင်္ဂလိပ်စာတိုးတက်မှုအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ?

834 views

ငယ်ငယ်ကတည်းကနေ ဒီအသက်အရွယ်အထိ အင်္ဂလိပ်စာ လေ့လာနေတာခြင်းအတူတူ တချို့သူငယ်ချင်းတွေက အင်္ဂလိပ်စာ သိသိသာသာ ပိုကောင်းနေတာ၊ ပိုသွက်နေတာမျိုးတွေ ကြံဖူးကြမှာပါ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေထဲက သိသာထင်ရှားတဲ့ အချက်တစ်ခုကတော့ သူတို့တွေက အင်္ဂလိပ်စကားပြော ဇာတ်လမ်းတွဲ English TV Series တွေကို ပုံမှန်ကြည့်ကြပြီး ကိုယ်အနေနဲ့ကတော့ သူတို့လို မကြည့်ဖြစ်သေးတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ English TV Series တွေက သင့်ရဲ့ အင်္ဂလိပ်စာတိုးတက်အောင် ဘယ်လို ကူညီပေးနိုင်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ ကိုယ်စိတ်ပါဝင်စားတဲ့ အကြောင်းအရာ၊ ဇာတ်လမ်း အမျိုးအစားကို ရွေးချယ်နိုင်တယ်

စုံထောက်ဇာတ်လမ်း၊ Superhero ၊ သဘာဝလွန်ဖြစ်ရပ်၊ အိမ်ထောင်ရေး၊ ချစ်ခြင်း မေတ္တာ စသဖြင့် အကြောင်းအရာ၊ နယ်ပယ် တစ်ခုခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တာကြောင့် English TV Series တွေကနေ အဲ့ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ အင်္ဂလိပ်စာ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို တစ်စုတစ်စည်းထဲ သိရှိသွားနိုင်ပါတယ်။ ပိုကောင်းတာတစ်ခုက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ရွေးပြီးကြည့်တာဆိုတော့ အလွယ်တကူ မှတ်မိသွားတာပေါ့။

၂။ သဘာဝကျတဲ့ စကားပြောဟန်ကို လေ့လာနိုင်တယ်

နေ့စဉ်ဘဝမှာ ပြောဆိုသုံးနှုန်းတဲ့အတိုင်း ဇာတ်ညွှန်းတွေကို ရေးသားထားတာဖြစ်လို့ သင့်အနေနဲ့ အပြင်မှာ Native Speaker တွေက လက်တွေ့ ဘယ်လိုမျိုး ပြောဆိုကြလဲဆိုတာကို သိရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် English TV Series တွေထဲမှာ သိပ်ကောင်းလို့ အံ့ဩသွားပြီး ချီးကျူးတာမျိုးဆိုရင် Awesome! Great! So cool! စသဖြင့် ပြောကြတာကို မြင်တွေ့ထားတဲ့အခါ အပြင်လက်တွေ့မှာလည်း အလားတူဖြစ်ရပ်မှာ အဲ့ဒီလို စကားလုံးတွေ၊ အသုံးအနှုန်းတွေကို ထိထိမိမိ သဘာဝကျကျ အသုံးပြုနိုင်ပါတယ်။ “It’s good. I like it.” ဆိုတာမျိုးလို သဒ္ဒါနည်းအရ မမှားပေမယ့် သိပ်မထိမိဘဲ စာသားဆန်တာမျိုးတွေကို မသုံးမိတော့ဘူးပေါ့။

၃။ ဝေါဟာရအသစ်တွေ အလွယ်တကူ လေ့လာသွားနိုင်တယ်

ငယ်ငယ်က မီးနင်းကျက်ခဲ့ရတာတွေ မှတ်မိကြဦးမှာပါ။ အကြောင်းအရာ အဆက်အစပ်နဲ့ လက်တွေ့သုံးနှုန်းတာကို မမြင်ရဘဲ ဝေါဟာရတွေချည်း ဖတ်မှတ်ရတာ အတော်လေးပျင်းဖို့ကောင်းပါတယ်။ English TV Series တွေမှာတော့ ဇာတ်လမ်းသွားထဲမှာ စီးမျောရင်း မသိတဲ့စကားလုံးလေးတွေ ပါလာတဲ့အခါ Pause ခလုတ်လေး ခဏနှိပ်၊ ဖုန်းလေးကောက်ကိုင်ပြီး Dictionary App မှာ အလွယ်လေးရှာလိုက်ရုံပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့ ဇာတ်ကြောင်း ဒါမှမဟုတ် ဇာတ်ဆောင်ရဲ့ ပြောစကား အဓိပ္ပာယ်ကို ပိုပြီး ပြည့်ပြည့်စုံစုံ နားလည်သွားတာ ပျော်ဖို့ကောင်းသလို ကိုယ်ရှာလိုက်တဲ့ ဝေါဟာရကိုလည်း ပိုပြီး မှတ်မိလွယ်ပါတယ်။ အခုဆိုရင် Smart Phone တွေမှာ AI Assistant တွေပါဝင်လာပြီမို့ ဖုန်းကိုင်စရာတောင် မလိုတော့ပါဘူး။ Android မှာဆိုရင် “Hey Google” ၊ iOS မှာဆိုရင် “Hey Siri” လို့လှမ်းခေါ်ပြီး “Meaning of (resistance)” ဆိုပြီး ကိုယ်မသိတဲ့ ဝေါဟာရကို အလွယ်တကူမေးလိုက်ရုံပါပဲ။ ကိုယ်မေးထားတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို Google ဒါမှမဟုတ် Siri ကနေ ဖတ်ပြပါလိမ့်မယ်။

၄။ Listening ၊ Reading နဲ့ Speaking Skill (၃) မျိုးစလုံးအတွက် အကျိုးရှိပါတယ်

အင်္ဂလိပ်စကားလုံးတွေ၊ စကားအတွဲအစပ်တွေရဲ့ အသံထွက်အမှန်တွေကို နားထောင်ရတာကြောင့် Listening Skill အတွက် အကျိုးရှိသလို စာတန်းထိုး (Subtitle) နဲ့တွဲပြီးကြည့်တဲ့အခါ စာတွေလိုက်ဖတ်ရတဲ့အတွက် Reading Skill အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ စာအရှည်ကြီးတွေ ဖတ်ရတာ ပျင်းဖို့ကောင်းနေတတ်ပေမယ့် စာတန်းထိုးလေး ၂ ကြောင်းလောက်ဆိုရင်တော့ စာဖတ်ဖြစ်ဖို့ ပိုပြီး စိတ်ပါလာနိုင်ပါတယ်။ either or ၊ not only but also စတဲ့ Grammar ပုံစံတွေကိုပါ အပိုဆောင်း လေ့လာသွားနိုင်ပါသေးတယ်။ 

သဘာဝကျကျ စဉ်းစားသုံးသပ်မယ်ဆိုရင်တော့ ငယ်စဉ် ကလေးဘဝကတည်းက စကားပြောခြင်းဆိုတာ နားထောင်ခြင်းကနေ စတယ်ဆိုတာ တွေ့ရမှာပါ။ ဘေးပတ်ဝန်းကျင်က လူကြီးတွေ ပြောစကားကို အရင်နားထောင်ပြီး နှုတ်ကနေ လိုက်ပြီး အသံထွက်ကြည့်ရင်းကနေ ဘာသာစကားတစ်ခု ပြောတတ်ဖို့ စတင်ကြိုးစားလာခဲ့ကြတာပါပဲ။ English TV Series တွေပုံမှန်ကြည့်တဲ့သူတစ်ဦး အနေနဲ့လည်း မှန်ကန်တဲ့ အသံထွက်၊ လေယူလေသိမ်းတွေကို နားရည်ဝနေပြီဖြစ်တာကြောင့် လက်တွေ့ပြောဆိုတဲ့အခါမှာလည်း အသံထွက်၊ လေယူလေသိမ်း လွဲမှားဖို့ chance က အတော်လေး နည်းသွားပါတယ်။

၅။ အင်္ဂလိပ်လို တွေးတဲ့နည်းကို လေ့လာနိုင်ပါတယ်

အင်္ဂလိပ်လို တွေးတဲ့နည်းဆိုတာကတော့ ကိုယ့်စိတ်ထဲကအတွေးတွေ ဒါမှမဟုတ် အဖြစ်အပျက် အကြောင်းအရာတွေကို အင်္ဂလိပ်လို ပြောဆိုတဲ့အခါမှာ မိခင်ဘာသာအဖြစ် တကယ်လက်တွေ့ပြောနေကြတဲ့ Native Speaker တွေက ဘယ်လိုမျိုး တွေးပြီး ပြောကြတယ်ဆိုတာကို ရည်ညွှန်းပါတယ်။ ဥပမာအနေနဲ့ တစ်စုံတစ်ခုကို မကြိုက်ဘူး မနှစ်သက်ဘူးဆိုတာကို မြန်မာလိုတွေးပြီး အင်္ဂလိပ်လို ပြောလိုက်မယ်ဆိုရင် “I don’t like (something).” လို့ ပြောမိနိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုတွေးပြီး ပြောတဲ့အခါမှာတော့ အခြေအနေ အချိန်အခါပေါ်လိုက်ပြီး “I am not happy with (something).” ၊ “I am not into (something).” ၊ “No, thanks.” စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။ ဒါကြောင့်မို့ English TV Series တွေကို ကြည့်တဲ့အခါ Native Speaker တွေ ဘယ်လိုတွေးပြီး ဘယ်လိုပြောကြတယ်ဆိုတာကို သိရှိသဘောပေါက်နိုင်ပါတယ်။ အပြင်မှာ တကယ်နဖူးတွေ့ ဒူးတွေ့ကြုံလာတဲ့အခါ Native Speaker တွေနဲ့ ချောချောမွေ့မွေ့ ပြောဆိုနိုင်ဖို့အတွက် အထူးအရေးကြီးတဲ့ အချက်တစ်ခုပါ။ 

အထက်က အချက်လေးတွေကို ကြည့်ခြင်းအားဖြင့် English TV Series တွေက အင်္ဂလိပ်စာ တိုးတက်မှုအတွက် အများကြီး ကူညီပေးနိုင်တာကို သိရှိနိုင်ပါတယ်။ 

တစ်ခုမေးစရာရှိတာကတော့ ကိုယ်က ကျောင်းစာတွေ ဒါမှမဟုတ် အလုပ်တာဝန်တွေကြောင့် အချိန်ပိုသိပ်မရှိတဲ့အတွက် အင်္ဂလိပ်စာ လေ့လာဖို့အချိန်ပဲ ပေးနိုင်တယ်၊ English TV Series တွေကိုပါ သပ်သပ်လိုက်ကြည့်ဖို့ အချိန်ပို သိပ်ထွက်မလာနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲဆိုတာပါ။ ဒီအတွက်တော့ ဘာမှစိတ်ပူစရာမလိုပါဘူး။ Wall Street English မှာ အင်္ဂလိပ်စာလေ့လာမယ်ဆိုရင်တော့ အထူးစိတ်ဝင်စားဖို့ကောင်းတဲ့ English Series ရုပ်သံ ဇာတ်လမ်းတွဲကို ကြည့်ရှုရင်းနဲ့ အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ၊ သင်ကြားမှုတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ 

Wall Street English ရဲ့ ကိုယ်ပိုင်ရိုက်ကူးထားတဲ့ TV series ထဲမှာ ဇာတ်ဆောင် character ပေါင်း ၁၀၀ ကျော်ပါဝင်ပြီး မတူညီတဲ့ အင်္ဂလိပ်အသံထွက် လေယူလေသိမ်း (accent) တွေကို နားထောင်ရမှာဖြစ်သလို TV series ကို စိတ်ဝင်တစားကြည့်ရှုရင်း အသုံးအနှုန်းတွေကို မှတ်သားပြီး Online Interactive Lesson တွေမှာ ကိုယ်တိုင်လိုက်ပြောပြီး တစ်ခါတည်း လေ့ကျင့်သွားနိုင်ပါတယ်။ အသံထွက် မှန်မမှန်ကို စစ်ဆေးပေးတဲ့ စနစ်ကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားတာမို့ English Speaking ကိုလည်း အကောင်းဆုံး လေ့ကျင့်နိုင်မှာပါ။

ပြိုင်ဆိုင်မှုတွေ များပြားတဲ့ ယနေ့ခေတ် ၂၁ ရာစုမှာ တစ်လဆိုတစ်လ တစ်ရက်ဆိုတစ်ရက် အချိန်က တန်ဖိုးရှိတာမို့ အခွင့်အလမ်းကောင်းတွေ ရောက်ရှိလာတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ Wall Street English Hotline: 09 977 001588 ကို အခုပဲ ဆက်သွယ်ပြီး သင်တန်းအပ်နှံဖို့ တိုက်တွန်းလိုက်ပါတယ်။

Close Menu