အင်္ဂလိပ်လို အလုပ်အင်တာဗျူးတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်စေမယ့် နည်းလမ်းများ

အင်္ဂလိပ်လို အလုပ်အင်တာဗျူးတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်စေမယ့် နည်းလမ်းများ

696 views

နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံနေကြတဲ့ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုက တစ်နေ့တစ်ခြားပိုပြီး အရေးပါလာသလို အလုပ်အင်တာဗျူးတွေမှာလည်း အနည်းနဲ့ အများဆိုသလို အင်္ဂလိပ်လို မေးမြန်းတာမျိုးတွေ တွေ့လာရပါတယ်။ အလုပ်ခန့်မယ့်သူတွေ အဖို့တော့ အင်တာဗျူးမှာကတည်းက တစ်ခါတည်း အင်္ဂလိပ်လို မေးကြည့်လိုက်တာက အလုပ်လျှောက်သူရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို လက်တွေ့အကဲခတ်ပြီးသား ဖြစ်သွားပါတယ်။ 

ဒါကြောင့်မို့ အင်္ဂလိပ်လို အလုပ်အင်တာဗျူးတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပါ

အလုပ်အင်တာဗျူးတွေမှာ အဓိက အရေးကြီးတာက မိမိကိုယ်ကိုယ် ယုံကြည်မှုပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရရှိဖို့အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်တာကတော့ ကြိုတင်ပြင်ဆင်တာပါပဲ။ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီ အကြောင်းနဲ့ အဲ့ဒီကုမ္ပဏီ အဖွဲ့အစည်းရဲ့ လုပ်ငန်းရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေကို ရှာဖွေလေ့လာထားသင့်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ကို မေးလာနိုင်တဲ့ မေးခွန်းတွေကို အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်မှာပါ။ အများအားဖြင့်တော့ အလုပ်အင်တာဗျူးဆိုတာက ခန့်မယ့် အလုပ်အကိုင်နေရာနဲ့ အလုပ်လျှောက်သူက အံ့ဝင်ခွင်ကျဖြစ်ရဲ့လား၊ ကုမ္ပဏီနဲ့ရော အဆင်ပြေရဲ့လားဆိုတာကို အကဲဖြတ်ကြည့်ကြတာဖြစ်လို့ 

“Tell me about yourself” – (သင့်အကြောင့် အကြမ်းဖျင်းလေး ပြောပြပါဦး)

“What are your strengths?” – (သင့်ရဲ့ အားသာချက်တွေက ဘာဖြစ်မလဲ)

“What are your weaknesses?” – (သင့်ရဲ့ အားနည်းချက်တွေက ဘာဖြစ်မလဲ)

“Why would you like to work here?” – (ဒီကုမ္ပဏီမှာ၊ ဒီအလုပ်မှာ ဘာကြောင့်လုပ်ချင်တာလဲ)

စတဲ့ ယေဘုယျ မေးခွန်းလေးတွေ မေးလေ့ရှိပါတယ်။ အဲ့လိုမေးခွန်းမျိုးလေးတွေကို အင်္ဂလိပ်လို ဆီလျော်အောင် ဖြေဆိုတတ်ဖို့ ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။

(၂) အဖြေတွေကို အလွတ်ကြိုကျက်သွားခြင်းမှ ရှောင်ကြဉ်ပါ

မေးခွန်းတွေကို ဖြေနိုင်ဖို့ ကြိုတင်လေ့ကျင့်တယ်ဆိုပေမယ့် အဖြေတွေကို အလွတ်ကျက်ထားတာမျိုးကိုတော့ မလုပ်သင့်ပါဘူး။ တကယ်လက်တွေ့ အင်တာဗျူးမှာ ဖြေဆိုတဲ့အခါ သဘာဝကျမှာ မဟုတ်သလို မေးခွန်းမေးတဲ့သူကို မလေးစားတဲ့ သဘောမျိုးဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်ထဲက အတွေးကိုပဲ ပုံမှန်နှုန်းလေးနဲ့ သက်သောင့်သက်သာ ဖြေဆိုတာက ပိုကောင်းပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး အစမ်းအင်တာဗျူးပုံစံနဲ့ အင်္ဂလိပ်လို အမေးအဖြေလေးတွေလုပ်ရင်း ကြိုတင်ပြင်ဆင်ကြည့်ပါ။

(၃) ကိုယ်နားမလည်လိုက်တဲ့ မေးခွန်းတွေကို ထပ်မေးဖို့ ဝန်မလေးသင့်ပါဘူး

အင်တာဗျူးမှာ စိတ်လှုပ်ရှားနေလို့ပဲဖြစ်စေ၊ မေးခွန်းမေးတဲ့သူရဲ့ အင်္ဂလိပ်စကားပြောက သိပ်မြန်နေလို့ပဲ ဖြစ်စေ သူမေးတဲ့ မေးခွန်းတွေကို နားမလည်လိုက်တာ၊ သဘောမပေါက်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ နားမလည်တဲ့အချက်ကို ဂရုတစိုက် ပြန်မေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း “ကျေးဇူးပြုပြီး မေးခွန်းလေး ပြန်မေးပေးပါဦး” ဆိုတဲ့ သဘောမျိုးပြောနိုင်ပါတယ်။ အခုလို ပြန်မမေးမိရင်တော့ ကိုယ်ဖြေတဲ့ အဖြေနဲ့ မေးခွန်းက လိုချင်တာနဲ့က လွဲချော်နေတတ်ပါတယ်။

(၄) အင်္ဂလိပ်လိုပြောတဲ့အခါ ရှင်းလင်းပြတ်သားစွာ ပြောဆိုပါ

မေးခွန်းတွေကို ဖြေဆိုတဲ့အခါမှာရော ကိုယ်ကနေပြန်မေးတဲ့အခါမှာရော စိတ်ကို ပေါ့ပေါ့ပါးပါး ထားပြီး ပြောဆိုသင့်ပါတယ်။ ကိုယ့်အတွက် အဆင်ပြေတဲ့ သက်သောင့်သက်သာဖြစ်တဲ့ အမြန်နှုန်းနဲ့ ပြောတာက အင်္ဂလိပ်စာအသံထွက်၊ လေယူလေသိမ်း၊ အဖြတ်အတောက်တွေအတွက် ပိုပြီးဂရုစိုက်ချိန် ပိုရပါတယ်။ စိတ်ထဲမှာ စဉ်းစားထားတဲ့ ကိုယ်ပြောမယ့် အကြောင်းအရာနဲ့လည်း ပိုပြီး အချိတ်အဆက် မိသွားပါတယ်။ နောက်ပြီးတော့ တဖက်လူအနေနဲ့ အလွယ်တကူ နားလည်နိုင်မယ့် အင်္ဂလိပ်စာ အသုံးအနှုန်းတွေနဲ့ ရှင်းလင်း ပြတ်သားစွာ ပြောဆိုသင့်ပါတယ်။ ဒီလိုဆိုရင်တော့ အင်တာဗျူးမေးသူနဲ့ ကိုယ်နဲ့ကြားမှာ နားလည်မှု တည်ဆောက်ပြီးသား ဖြစ်သွားမှာပါ။

(၅) အင်္ဂလိပ်စာနဲ့ အမြဲမပြတ် ထိတွေ့မှု ရှိနေပါစေ

အများအားဖြင့် အင်တာဗျူးတွေဟာ ဖြေဆိုဖို့ ၁ ပတ်၊ ၂ ပတ် ဝန်းကျင်လောက်သာ ကြိုတင် အကြောင်းကြားလေ့ရှိတာမို့ လက်ရှိအလုပ်တစ်ဖက်နဲ့ ဆိုရင်တော့ ကြိုတင်ပြင်ဆင်ချိန် သိပ်ရလေ့ မရှိပါဘူး။ ၁ ပတ်၊ ၂ ပတ် အတွင်း အင်္ဂလိပ်စာကို “အပ်ချလောင်း” ဆိုပြီး တတ်ကျွမ်းသွားအောင် ဖန်တီးလို့ မရတာမို့ အနည်းနဲ့အများဆိုသလို အင်္ဂလိပ်စာနဲ့ အမြဲ ထိတွေ့မှု၊ သင်ယူမှု ရှိနေဖို့လိုပါတယ်။ အချိန်ကာလတစ်ခုအထိ ထိထိရောက်ရောက်လေ့လာထားတဲ့ နဂို အင်္ဂလိပ်စာ ကျွမ်းကျင်မှုအခံရှိမှသာ ကိုယ်ရတဲ့ အချိန်တိုအတွင်း အင်တာဗျူးအတွက် ထပ်မံအားဖြည့်ပြီး warming up သဘောနဲ့ ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ 

အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ အလုပ်အကိုင်အခွင့်အလမ်း အတွက် အဓိက သော့ချက်တစ်ခုပါ။ ဘယ်လုပ်ငန်းမှာမဆို အင်္ဂလိပ်စာ ကျွမ်းကျင်သူတွေက ပိုမိုကောင်းမွန်တဲ့ လစာနဲ့ ခံစားခွင့်တွေကို ရရှိကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို ကြိုတင်ဖြည့်တင်းထားတာက ဘဝအတွက် အများကြီး အကျိုးရှိစေမှာ အသေအချာပါ။

အင်္ဂလိပ်စာ ကျွမ်းကျင်မှုအတွက် လေ့လာသင်ယူတော့မယ်ဆိုရင်တော့ နှစ်ပေါင်း (၅၀) နီးပါး သက်တမ်းရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း (၂၉) နိုင်ငံမှာ သင်တန်းကျောင်းခွဲပေါင်း (၄၅၀) ကျော်အထိ ဖွင့်လှစ်ထားပြီး သင်တန်းသားပေါင်း ၃ သန်းကျော်အထိ သင်ကြားပေးခဲ့ပြီးဖြစ်တဲ့ ကမ္ဘာ့နံပါတ် (၁) အင်္ဂလိပ်စာ သင်တန်းကျောင်း Wall Street English ကို ရွေးချယ်ဖို့အတွက် အကြံပြုလိုပါတယ်။ Flexible အဖြစ်ဆုံး အတန်းချိန်တွေကြောင့် မိမိတို့ အလုပ်တာဝန်တွေကို မထိခိုက်စေဘဲ အင်္ဂလိပ်စာသင်ယူနိုင်သလို အရည်အချင်းမြင့်မားတဲ့ Native Speaker ဆရာတွေ၊ တစ်ဦးချင်း ဂရုစိုက်ပေးမယ့် Personal Coach တွေက သင့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းတွေတိုးတက်လာဖို့ အထိရောက်ဆုံး ကူညီပေးသွားမှာ အသေအချာပါပဲ။

(WSE International မှ 10 Tips to Succeed in a Job Interview in English ကို ဘာသာပြန်ဆို မှီငြမ်းပါသည်)

Close Menu